မြေပုံမြို့၌ အခြေခံစားသုံးကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းဆောင်ရွက်

မြေပုံ ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မုန်တိုင်းအလွန်ကာလတွင် အခြေခံစားသုံးကုန်များ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းမရှိစေရန် မြို့နယ်အ‌ခြေခံ စားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ယနေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်များအတွင်းရှိ ဈေးဆိုင်များနှင့် စည်ပင်သာယာ မြို့မဈေး ကြီးအတွင်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်သည်။

မုန်တိုင်းကို အကြောင်းပြု၍ အခြေခံစားသောက်ကုန်များ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်များရှိ အခြေခံစားသုံးကုန်အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်သည်။

အခြေခံစားသုံးကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းဆောင်ရွက်ရာ၌ မုန်တိုင်းအန္တရာယ်ကို အကြောင်းပြု၍ အခြေခံစားသုံး ကုန်ပစ္စည်းများကို ဈေးနှုန်းတိုးမြှင့်မရောင်းချရေး၊ စားသုံးဆီများနှင့် စားသောက်ဖွယ်ရာများတွင် မသန့်ရှင်းသောကုန်ပစ္စည်းများ ရောနှောရောင်းချခြင်းမရှိစေရေး၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ၊ ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းတိုးမြှင့်ရောင်းချစေရန် ဈေးကွက် ချုပ်ကိုင်ဆောင်ရွက်မှု မရှိစေရန်တို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြောင်း သိရှိရသည်။

တင်ဝင်း