မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ပြင်းထန်စွာ တိုက်ခိုက်၍ ပျက်စီးလျက်ရှိ

မြောက်ဦး  မေ ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လေပြင်းစတင်တိုက်ခိုက် ခဲ့သည်။

အဆိုပါ မုန်တိုင်း တိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦးများ ပျက်စီးခြင်း၊ လူနေအိမ်များ ပျက်စီးခြင်း၊ ဓါတ်မီးတိုင်များ ကျိုးကျခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်း၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခြင်း ၊ သာသနာ့အဆောက်အဦးများဖြစ်သော ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးဆေးခန်းများ၊ တိုက်နယ် ဆေးရုံးများ၊ ယာယီခိုလှုံရာ စခန်းများ၊ ဆန်စက်စက်ရုံများ ၊ မွေးမြူရေး ကြက်ခြံများ ၊ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များ စသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခိုက်မှုကြောင့် အပျက်အစီးဆုံးရှုံးမှုများစွာ ရှိခဲ့သည်။

ထိုသို့ ပျက်စီးဆုံးရှုံးမှုများကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မီးသတ်တပ် ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကွင်းဆင်းပြီး ပျက်စီးဆုံးရှုံးမှုများအား စာရင်းကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)