တောင်ကုတ်မြို့နယ်တွင် အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်း တိုတ်ခတ်မှုကြောင့် လူနှင့် နေအိမ်၊ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီး

တောင်ကုတ် မေ ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အင်အားပြင်းမိုခါ ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ၊ နေအိမ်နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကနဦး သိရသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြို့ပေါ်တွင် သစ်ပင်များပြိုလဲခြင်း၊ တယ်လီဖုန်းတိုင်နှင့် လမ်းမီးတိုင်အချို့ ပြိုလဲပျက်စီးခဲ့​ပြီး ကြိုးကြာကွင်းကျေးရွာအုပ်စု၊  စလူကျေးရွာတွင် လူတစ်ဦး သေဆုံးကာ လူနေအိမ်တစ်လုံးခေါင်မိုးပျက်စီးခဲ့ကြောင်းသိရသည်။

အလားတူ ငမောက်ချောင်းကျေးရွာအုပ်စု ငမောက်ချောင်းကျေးရွာတွင် လူနေအိမ်တစ်လုံး၊ အလယ်တန်းကျေးရွာတွင် အခြေခံပညာစာသင်ကျောင်းတစ်​ကျောင်း ခေါင်မိုးပျက်စီးခဲ့ကာ အမော်ကျေးရွာတွင်လူနေအိမ်သုံးလုံး၊ တဲတစ်လုံးတို့ ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ၁၆၄၀၀၀၀ /-ဖြစ်ကြောင်း မြို့နယ်သဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီထံမှ ကနဦး သိရသည်။

မြို့ပေါ်လမ်းမကြီးများတွင် သစ်ပင်ကြီးများ၊ တယ်လီဖုန်းတိုင်နှင့် လမ်းမီးတိုင်အချို့ပြိုလဲခဲ့ကြောင့်လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ခရိုင်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်တိုး နှင့်အဖွဲ့၀င်များ၊ တောင်ကုတ်တပ်နယ်မှ ဒုတိယ ဗိုလ်မှူးကြီး အောင်ဇော်ဦးနှင့် အရာရှိ၊ စစ်သည်များ၊ လူမှုရေးအသင်းအဖွဲများ ကချက်ချင်း ဖယ်ရှားလျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်