မအီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄)လုံး အမိုးလန်ပျက်စီး

မအီ မေ ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊  ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ကင်းခြေရွာဟောင်းကျေးရွာတွင် ယနေ့နေ့လယ် (၂)နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ကင်းခြေရွာဟောင်းကျေးရွာနေ ဦးမောင်ဝင်းမြင့်၏ ဓနိမိုး/ပျဉ်ကာနေအိမ်မှာ အမိုးလန်ခြင်း၊ ဒေါ်ပိန်ပိန် နေအိမ် သွပ်မိုး/ပျဉ်ကာမှာ အမိုးတစ်ဝက်လန်သွားခြင်း၊ ဦးပုတု နေအိမ် သွပ်မိုး/ပျဉ်ကာမှာ အမိုးလန်ခြင်းနှင့် ဒေါ်မခင်သိန်း၏ သွပ်မိုး/ပျဉ်ကာနေအိမ်မှာ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖော်ပြပါ အမိုးလန်ပျက်စီးသွားသည့် အိမ်ထောင်စုများကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွှေ့နေရာချထားပြီး ဖြစ်ပါကြောင်း၊ ပျက်စီးဆုံးရှုံးမှုများ၏ ခန့်မှန်းတန်ဖိုး ငွေကျပ်မှာ (၈၈၀၀၀၀) ကျပ်ခန့်ရှိပြီး အဆိုပါ အိမ်ထောင်စုများ ပြန်လည် ရပ်တည်နေထိုင်နိုင်ရေးတို့အတွက် မအီမြို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)