ကျောက်ဖြူ မေ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ် မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်၊ သစ်ကိုင်းများနှင့် ဓာတ်တိုင်များကျိုးကျ၊ ပျက်စီးသဖြင့် တာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရပ်ကွက်များတွင် နေအိမ်အချို့အမိုးလန်ပျက်စီးခဲ့ပြီး လမ်းများ၌ သစ်ပင်၊ သစ်ကိုင်းများနှင့် ဓာတ်တိုင်များ ကျိုးကျနေမှုကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဌာနဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အချိန်နှင့် တစ်ပြေးညီ သွားရောက်ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး၊ အဆိုပါ သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျမှုကြောင့် လူနေအိမ်များ၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ ယင်းအပြင် ကျောက်ဖြူမြို့၌ မုန်တိုင်း ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် ယာယီခိုလှုံရာ နေရာအသီးသီးတွင် လာရောက်ခိုလှုံနေသူများကို ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည်ရှုပြီး အားပေးစကားများ ပြောကြားကာ လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)