ဂွမြို့၌ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးပြီး သစ်ပင်၊သစ်ကိုင်းများကျိုးကျ၊ ဓာတ် အားလိုင်းတိုင်များ ပြိုလဲမှုဖြစ်ပွား

ဂွ  မေ ၁၅

ရခိုင်ပြည်နယ်၊  ဂွမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ သစ်ပင်၊သစ်ကိုင်းများကျိုးကျပြီး ဓာတ်တိုင်များပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်သဖြင့် တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။

ဂွမြို့နယ်တွင် ရွှေဦးကွင်းကျေးရွာ၊ တိုင်ကျိုးကျေးရွာ၊ ဒေါင့်ချောင်းကျေးရွာနှင့် ကင်းရုံးရပ်ကွက်တို့ရှိ နေအိမ်များ ပျက်စီးခြင်း၊ တောင်ပေါက်ကျေးရွာတွင် ကွမ်းခြံများ ပျက်စီးခြင်း၊ ရွှေဦးကွင်း ကျေးရွာတွင်၄၀၀ဗို့ဓာတ်အားလိုင်း 9M တိုင် ၇တိုင်ကျိုး၍လဲကျခြင်း၊ ဂွမြို့ချယ်ရီလမ်းရှိ 315kVA ထရန်စဖော်မာ ၂ တိုင်စင်ကျိုး၍ပြိုလဲခဲ့ပြီ ထရန်စဖော်မာ ဝန်းခြံပါပျက်စီးသွားခြင်း၊ ဂွမြို့နယ် ထွေအုပ်ရုံးဝန်းထွေအုပ်ရိပ်သာရှိ ၄၀၀ဗို့ဓာတ်အားလိုင်း 9Mတိုင် ၃တိုင်နှင့် လမ်းဦးစီဌာနရုံးဝန်ရှိ ၁၁ကေဗွီ မကျီးငူဖီဒါရှိ ၁၁ကေဗွီဓာတ်အားလိုင်းတိုင် 3pole tension တိုင်များမှာ ပင်လယ်ဒီရေ တိုက်စားခြင်းတို့ကြောင့် ပြိုလဲပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ထိုသို့ ရပ်ကွက်/ကျေးရွာများတွင် နေအိမ်အချို့ ပျက်စီးခဲ့ခြင်း၊ သစ်ပင်၊သစ်ကိုင်းများနှင့် ဓာတ်တိုင်များကျိုးကျ ပျက်စီးနေခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လျှပ်စစ် ဌာနမှဝန်ထမ်းများက အချိန်နှင့် တစ်ပြေးညီ သွားရောက် ရှင်းလင်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ အဆိုပါ ပျက်စီးပြိုလဲမှုများကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရ သည်။

ရွှေရည်ဝင်းကျော်