မြောက်ဦးမြို့ မုန်တိုင်းရှောင်ယာယီခိုလှုံရာစခန်းရှိ ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

မြောက်ဦး မေ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည် ယမန်နေ့ညနေပိုင်းအချိန်က မုန်တိုင်းရှောင်ပြည်သူများရှိရာ ယာယီခိုလုံရာစခန်းများသို့သွားရောက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်၍ အားပေးစကားများပြောကြားခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာနှင့် မြစ်ချောင်းနံဘေးတွင် နေထိုင်ကြသော ကျေးရွာများမှ မုန်တိုင်းရှောင်ပြည်သူများရောက်ရှိသည့် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း၊ပညာရောင်ခြည်ဘုန်းတော်ကြီးကျောင်းစသော ဘုန်းတော်ကြီးကျောင်းများ၌ ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့သည့် ဆန်၊ ဆီ ၊ ဆား ၊ ငပိတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ မုန်တိုင်းရှောင်ပြည်သူများအား စားနပ်ရိက္ခာ၊ သောက်သုံးရေဖူလုံစေရေးအတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)