မြောက်ဦးမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ် ခိုလုံရာသို့ ပြောင်းရွှေ့

မြောက်ဦး   မေ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ခိုလုံရာနေရာသို့ ယနေ့ နံနက် ၈ နာရီအချိန်က အောင်တပ်ရပ်ကွက် အောင်တပ်ချောင်းမှ စက်လှေများဖြင့် ရောက်ရှိလာသူ များအား မြောက်ဦးမြို့ပေါ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့ပေးလျက်ရှိသည်။

မြောက်ဦးမြို့နယ်အတွင်းမှ မုန်တိုင်းဘေးခိုလုံရာသို့ ရောက်ရှိလာသည့်ကျေးရွာများမှာ ဆူရာဇ် ချောင်းကျေးရွာ၊ နတ်ချောင်းကျေးရွာ၊ ပျားတဲကျေးရွာ၊ တောဘွေကျေးရွာ စ သော ကျေးရွာ(၆၀) ကျော်မှ အိမ်ထောင်စု (၆၈၉၀) စု၊ လူဦးရေ (၃၉၅၈၀)  ဦးအားဘေးလွတ်သည့် ခိုလှုံရွှေ့ပြောင်းရာ နေရာများသို့ ယနေ့ နံနက်ပိုင်းအချိန် ကပြောင်းရွှေ့ပေးလျက်ရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည် နယ် အစိုးရ အဖွဲ့မှ ဆန်၊ဆီ ၊ ဆား၊ ငပိများကို စုဆောင်းထားရှိပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စု (၆၈၉၀) စုအတွက် ပစ္စည်း(၁၆) မျိုးအသင့်စုဆောင်းထားရှိပြီး လူမှုရေးအသင်းအဖွဲ့များလည်း ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မုန်တိုင်းဘေးအန္တရာယ် ခိုလုံရာသို့ ရောက်ရှိလာသည့်ပြည်သူများအား  နယ်မြေခံတပ်မမှူး  ဦးဆောင်၍  ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက် /ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ  မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း ကျောင်းသို့ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်များတို့ ကသက်ကြီး ရွယ်အိုများ၊မသန်စွမ်း သူများ၊ကလေး သူငယ်များကို ကားပေါ်ရောက်ရှိအောင် လိုက်လံပို့ ဆောင်ပေးလျက်ရှိသည်။

ထို့နောက် စစ်တွေမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ပုဏ္ဏားကျွန်း စသောမြို့နယ်များမှလည်း မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွေ့လာကြပြီး မိသားစု၊ဆွေမျိုးများနေအိမ်တွင်လည်းကောင်း တည်းခိုခန်း၊ ဟိုတယ်များနှင့် ဘုန်းတော်ကြီးကျောင်းများဖြစ်သော မြတန်ဆောင်းကျောင်း တိုက်၊ ဗန္ဓုလကျောင်းတိုက် စသော ဘုန်းတော်ကြီးကျောင်း (၄၀) ကျော်တွင် တည်ခိုနေထိုင်လျက်ရှိပြီး ရောက်ရှိလာသော ရွှေ့ပြောင်းပြည်သူများအတွက် စားနပ်ရိက္ခာနှင့်တည်းခိုနေထိုင်ရေး တို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်လူမှုရေး အဖွဲ့အစည်းတို့မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)