ပေါက်တောမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာများမှ မုန်တိုင်းရှောင်ပြည်သူများထားရှိရာ ယာယီခိုလှုံရေးစခန်းများသို့ ကွင်းဆင်းကူညီထောက်ပံ့

ပေါက်တော မေ ၁၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောအဖွဲ့သည် ယမန်နေ့ညနေပိုင်းက မုန်တိုင်းရှောင်ပြည်သူများထားရှိရာ ယာယီခိုလှုံရေးစခန်းများသို့ သွားရောက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောအဖွဲ့သည် ပေါက်တောမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာများမှ မုန်တိုင်းရှောင်ပြည်သူများရောက်ရှိနေသည့်  မြို့နယ်သာသနာ့ဗိဗာန်တော်ခန်းမနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးသည့်ဆန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် မုန်တိုင်းတိမ်းရှောင်နေသော ပြည်သူများအား စားနပ်ရိက္ခာနှင့်၊ သောက်သုံးရေလုံလောက်မှု နေရာထိုင်ခင်းအဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊  အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)