ရသေ့တောင် မေ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့သည် ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများတွင် ပါဝင်သော မြို့တစ်မြို့အဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ရသေ့တောင်မြို့နယ် ကျေးရွာများတွင်နေထိုင်ကြသည့် မုန်တိုင်းဘေးဒဏ်ခံရနိုင်သည့်သူများအား ရွှေ့ပြောင်းမှုကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင်လည်းတာဝန်ရှိသူများမှမုန်တိုင်းဘေးလွတ်ရာနေရာများဖြစ်သည့်ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက် ရှိအထက-၁ တွင်ခိုလှုံရန်ရောက်ရှိလာသည့် မိဘ ပြည်သူများနှင့် ဒေသခံပြည်သူများ အားမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိ သူများ၊ကူညီကယ်ဆယ် ရေးအဖွဲ့ဝင်များမှ ကူညီရွှေ့ပြောင်းခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေး များက စာရင်းမှတ်တမ်းများ ရေးသွင်းကောက်ယူပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ လာရောက်ခိုလှုံလာသူများကို မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း များအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို စီမံမှာကြားကာ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
ရသေ့တောင်မြို့တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် သောက်သုံးရေများ လုံလောက်မှုရှိစေရေးဆောင်ရွက်ပေးခြင်း၊ ရပ် ကွက်၊ကျေးရွာများ၌ ပြည်သူလူထုအား အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာယီခိုလှုံရာစခန်းများ သတ်မှတ်ထားရှိခြင်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Command Post အဖွဲ့အား ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ထားရှိခြင်း၊စားနပ်
ရိက္ခာ၊ ရေနှင့ ဆေးဝါးများ၊ အရေးပေါ်ဆေးကုရာနေရာများ သတ်မှတ်စုဆောင်း ထားရှိခြင်း၊ မုန်တိုင်းသတိပေးချက်ကြေငြာများ ကပ်ထားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီနှိုးဆော်ခြင်းများနှင့် မုန်တိုင်းဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်လျက်ရှိကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ဆက်)