မြေပုံ မေ ၁၄
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သောနေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား တာဝန်ရှိသူများက ဘေးလွတ်ရာသို့ရောက်ရှိနိုင်ရေး ကူညီပံ့ပိုးလျက် ယမန်နေ့ နံနက်ပိုင်းစ၍ ညနေ(၄)နာရီအချိန်အတွင်း အပြီးပြောင်းရွှေ့လျက်ရှိသည်။
အဆိုပါမုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့်နေရာများမှ ပြည်သူများနှင့်ပစ္စည်းများအားဘေး လွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိရာ မြေပုံမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက် လာပါက ထိခိုက်မှုများနိုင်သည့် မြစ်ကမ်းဘေးနေ ရပ်ကွက်/ကျေးရွာ(၃၂)ရွာ၊ အိမ်ခြေ(၅၈၇၈)အိမ်၊ အိမ်ထောင်စု(၆၄၆၅)စု၊ လူဦးရေ (၂၂၉၁၀)ဦး၊ တို့အားသတ်မှတ်လေဘေးဆောင်(ချဲလ်တာ)များ၊ သတ်မှတ်လေဘေးခိုလှုံရာ စခန်းများ၊ ဆွေမျိုးများနေအိမ်တို့သို့ပြောင်း ရွှေ့လျက်ရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ကြသောပြည် သူများ၏ စား၊ ဝတ်၊ နေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ဆား၊ ငါးပိများဖြန့်ဝေပေး ထားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စု (၆၄၆၅)စုအတွက် ပစ္စည်း(၁၆)မျိုးပါ Family Kit အသင့်စုဆောင်းထားရှိကာ လူမှုရေးအသင်းအဖွဲ့များကလည်း ကူညီထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တင်ဝင်း