ကျောက်ဖြူမြို့တွင် မုန်တိုင်းဘေးဒဏ်ခံရနိုင်သည့် ရပ်ကွက်နေပြည်သူများအား ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ရွှေ့ပြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကျောက်ဖြူ    မေ  ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သည် ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများတွင်ပါဝင်သော မြို့တစ်မြို့အဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ကျောက်ဖြူမြို့တွင် မုန်တိုင်းဘေးဒဏ်ခံရနိုင်သည့် ရပ်ကွက်နေပြည်သူများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မုန်တိုင်းဘေးလွတ်ရာနေရာများဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက် ဆိုက်ကလုန်း Shelter တွင်ခိုလှုံရန်ရောက်ရှိနေသည့် ပြည်သူများအားလည်းကောင်း၊ ပိုက်ဆိပ်ရပ်ကွက် အ.ထ.က(၂)ကျောင်းတွင် ခိုလှုံရန်ရောက်ရှိလာသည့် ဒေသခံပြည်သူများအားလည်းကောင်း၊ သန်ပန်ချောင်းရပ်ကွက် အ.လ.က(၄)ကျောင်းတွင် ခိုလှုံရန်ရောက်ရှိလာသည့် ပြည်သူများအားလည်းကောင်း၊ တာဝန်ရှိသူများမှ ကူညီရွှေ့ပြောင်းခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/‌ကျေးစာရေးများက စာရင်းမှတ်တမ်းများရေးသွင်းကောက်ယူပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ လာရောက်ခိုလှုံလာသူများကို ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲလင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်းနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို စီမံမှာကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ကျောက်ဖြူမြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ရေသန့်စက်ကြီးဖြင့် သောက်သုံးရေများ လုံလောက်မှုရှိစေရေး ဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်၊‌ကျေးရွာများ၌ ပြည်သူလူထုအား အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာယီခိုလှုံရာစခန်းများ သတ်မှတ်ထားရှိခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Command Post အဖွဲ့အား ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ထားရှိခြင်း၊ စားနပ်ရိက္ခာ၊ ရေနှင့်ဆေးဝါးများ၊ အရေးပေါ်ဆေးကုရာနေရာများ သတ်မှတ်စုဆောင်းထားရှိခြင်း၊ မုန်တိုင်းသတိပေးချက်များကပ်ထားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီနှိုးဆော်ခြင်းများစသည့် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)