ဂွ မေ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းဘေးခိုလုံရာနေရာများသို့ ယနေ့ နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းများက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွေ့ပေးလျက်ရှိသည်။
မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ဦးဆောင်ကြီး ကြပ်မှုဖြင့် မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ သည် သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာများရှိ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အုပ်စုအုပ်ချုပ်ရေးမှူးများမှ မုန်တိုင်းဘေး ခိုလှုံမည့်ပြည်သူများအား သတ်မှတ်ထားသည့် ရပ်ကွက်/ကျေးရွာများရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ လိုက်လံပို့ဆောင်ပေးနေမှုများအား ကွင်းဆင်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပြီး မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ် နည်းများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ပြည်သူများ မုန်တိုင်းဘေး ခိုလှုံနေစဥ် ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် စားရေရိက္ခာများ ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်