အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများမှပြည်သူများအား မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံမည့်စခန်းများသို့ ပြောင်းရွှေ့

အမ်း မေ ၁၄

ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ် ကမ်းခြေနှင့်နီးသည့် ကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းအထိ မုန်တိုင်းဘေးလွတ်ရာ နေရာ ယာယီစခန်းများသို့ ပြောင်းရွှေ့ပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့်  သလူမော် ကျေးရွာ၊ တပ်တောင်မြို့ ရပ်ကွက်(၂၊ ၃)၊ မွန်လှ၊ မော်ကြီး၊ စိန်ပိုက်၊ စခန်းမော်၊ ဂါယ်လောင်း၊ အောက်ကျင်း ၊ မဲသံကြိုး၊ တိုက်မော်၊ ဝတ်မီးတို၊မယ်ဇလီကိုင်း၊ ကန်ဇလီ၊ နွံကျော်၊ လက်ခွာဒွေ၊ ဆပ်ဖာဒွေ၊ ကန်ကျွန်း၊ နွားရုံတောင်၊ တောင်ဖီလာ၊ ကာပူကျေးရွာ စုစုပေါင်းကျေးရွာအုပ်စု (၁၀)အုပ်စုမှ ကျေး ရွာပေါင်း(၂၁)ရွာမှ အိမ်ထောင်စု (၆၂၇)စုမှ ပြည်သူ  စုစုပေါင်း (၁၉၅၄) ဦးအား ကျေးရွာများရှိ  Cyclone Shelter များ၊ စာသင် ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း များတွင် စီစဉ်နေရာချထားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ခိုလှုံကြသည့် ပြည်သူများအား ‌ရွှေ့ပြောင်းပေး ရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးကိစ္စများအဆင်ပြေစေရန်အတွက် ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ခတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်နှင့်အဖွဲ့ ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော် မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ‌ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည် များကိုဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်