မြောက်ဦးမြို့၌ မြေနိမ့်ပိုင်းနှင့်မြစ်ချောင်းနံဘေးရှိပြည်သူများအား ရေဘေးလွှတ်ရာနေရာသို့ ပြောင်းရွှေ့ကြရန် အသိပေးနှိုးဆော်

မြောက်ဦး  မေ ၁၃

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းသို့ မေ ၁၃ ရက်နေ့ နှင့် မေလ ၁၄ ရက်နေ့တို့တွင် မုန်တိုင်းဝင်ရောက်လာနိုင်သည့်အတွက် ယနေ့ နံနက် ၉ နာရီအ ချိန်ကအောင် တပ်ချောင်းအတွင်းရှိ အလယ်ဈေးတံတားမှ မင်းသမီးဟိုတယ်အထိ မြေနိန့်ပိုင်း နှင့် မြစ်ချောင်း နံဘေးတွင် နေထိုင်သော မိဘပြည်သူများအား ကြိုတင်ရွေ့ပြောင်းနိုင်ရန်အတွက်  သတိပေးနှိုး ဆော်ခဲ့ကြသည်။

အဆိုပါ မုန်တိုင်းဘေးအန္တရာယ်အသိပေး နှိုးဆော်ရာ နယ်မြေခံတပ်မမှူးနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်၊ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တို့မှ အောင်တပ်ချောင်း အတွင်း Speed Boat (၃) စီးဖြင့်  ချောင်း၏ လက်ဝဲ၊လက်ယာတွင် နေထိုင်ကြသော ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးကျရောက်လာပါက ထိခိုက်မှုများရှိနိုင် သည့် နတ်ချောင်းကျေးရွာအုပ်စု၊ ညောင်ပင်လယ်ကျေးရွာအုပ်စု၊ စက်သား ကျေးရွာ အုပ်စု စသော အုပ်စု(၁၁) စု မှ ကျေးရွာ(၄၂)ရွာ၊ အိမ်ခြေ (၆၈၃၈) ၊ လူဦးရေ ( ၇၅၁၈) ဦးတို့အားလည်းကောင်း မြောက်ဦးမြို့ပေါ်အတွင်းရှိ မြေနိမ့်ပိုင်းတွင်နေထိုင်သော ယာယီခိုလှုံရာစခန်းမှ ပြည်သူများအားလည်းကောင်း မုန်တိုင်းဘေးလွတ်မည့်နေရာများသို့ ပြောင်းရွှေ့နိုင်ရန်နှင့် ရွှေ့ပြောင်းနေထိုင်ကြမည့် ပြည်သူများအတွက် စားဝတ်နေရေးအဆင်ပြေစေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန် အိတ်(၂၀၀)၊ ဆီပိဿ(၅၀၀)၊ ဆား  (၂၀၀)၊ ငပိ (  ၅၀ )  ပိဿစုဆောင်းထားရှိပြီး  ဘေး အန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ခြေ (၆၈၃၈)  စုအတွက် ပစ္စည်း ( ၁၆ ) မျိုးအသင့်စုဆောင်းထားရှိပြီး လူမှုရေး အသင်းအဖွဲ့များမှလည်း ကူညီထောက်ပံ့နိုင်ရေး ဆောင် ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါ မုန်တိုင်းသတိပေးနှိုးဆော်ခြင်းနှင့်   မုန်တိုင်းဘေးလွတ်ရာနေရာသို့ ရွေ့ပြောင်းပေးမည့် ပြည်သူများအား အသိပေးပြောရာနေရာသို့ နယ်မြေခံတပ်မမှူး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးနှင့် တာဝန်ရှိသူများကသွားရောက်ပြီး ပြည်သူများအား ယနေ့ ညနေပိုင်းမှ စတင်၍ ဘေးလွတ်ရာနေရာ သို့ပြောင်းရွေ့ကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)