မောင်တော မေ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၏ကြီးကြပ်မှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။ လက်ရှိအချိန်တွင် မုန်တိုင်းအခြေအနေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်မည်ဖြစ်သဖြင့် အနီအဆင့်ဟု သတ်မှတ်ထားပြီး မြို့သူ၊မြို့သားများအနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွေ့နိုင်ရေး အသိပညာပေး နှိုးဆော်မှုများကိုလည်း ဆောင်ရွက် လျက်ရှိသည်။
မောင်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးခန်း ဖွင့်လှစ်ကာ၊ ကော်မတီ(၁၂)ခုဖွဲ့စည်းပြီး၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်တပ်ဖွဲ့များနှင့် ရှာဖွေကယ်ဆယ် ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိပြီး မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ပေးခြင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီး လွမ်းမိုး လာပါက ပြည်သူများကို ဘေးလွတ်ရာ ခိုလှုံ နိုင်ရန် ရွှေ့ပြောင်းရေး မော်တော်ယာဉ်များ နှင့် ခိုလုံရာနေရာများ၊ အသင့်ဆောင်ရွက်ထားကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဘေးလွတ်ရာသို့ ခိုလှုံပြောင်းရွှေ့မည့် ပြည်သူများကို ထောက်ပံ့နိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုး ရအဖွဲ့မှ ဆန် ၅၀၀ အိတ်၊ ဆီ ၁၀ ပိဿာဆန့် ဘူး ၁၅၀ ဘူး၊ ဆား ၅၀၀ ပိဿာ၊ ငါးပိ ၅၀ ပိဿာ အသင့်စုဆောင်းထားရှိကြောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ အိမ်ထောင်စု ၅၀၀ စုအတွက် ပစ္စည်း(၁၆)မျိုး စုဆောင်းထားရှိကြောင်းနှင့် ကျန်းမာရေး ဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ ၊ကျေးလက် ကျန်းမာရေး ဌာနခွဲများတွင် ဆေးဝါးများ အသင့်ခွဲဝေ ဆောင်ရွက်ထားရှိကာ ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ဆေးကုသနိုင်ရေးအတွက် ပြည်သူဆေးရုံဝင်း အတွင်းဇုန်များ သတ်မှတ်ကာ ထိခိုက်ဒဏ်ရာရှိမှုများအပေါ်မူတည်၍ ဆေးဝါးကုသနိုင်ရေး ဆောင်ရွက်ထားရှိပြီး၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များကလည်း ကူညီ ထောက်ပံ့နိုင်ရေး စီစဉ်ထားရှိကြောင်းသိရသည်။ ပြည်သူများအနေဖြင့် မိုးလေဝသ အခြေ အနေများအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများ ဆောလျင်စွာ ထုတ်ပြန်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အချိန်မှီထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်