သံတွဲမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့်ကျေးရွာများမှ ပြည်သူများ မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို ရွှေ့ပြောင်း

သံတွဲ   မေ  ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများသည် ယနေ့နံနက်ပိုင်းမှစ၍ မုန်တိုင်းဘေးလွတ်ရာ နေရာများဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြကြောင်းသိရ သည်။

ထိုသို့ ခိုလှုံရာစခန်းများဆီသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့် ဆင်ခေါင်းကျေးရွာအုပ်စု၊ ခမောင်းတုန်းကျေးရွာအုပ်စု၊ လင်းသာရပ်ကွက်နှင့် ဝက်ထီးတောင် ကျေးရွာများမှ ပြည်သူများအား သံတွဲမြို့ပေါ်ရှိ ဆင်ခေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အလယ်တောင်ကျေးရွာ၊ ဝါးတောင်ကွင်း ဘုန်းတော်ကြီးကျောင်း၊ စမ်းတောင်ဘုန်းတော်ကြီးကျောင်းနှင့် အထဲကွင်း ဘုန်းတော်ကြီးကျောင်းများတွင် စီစဉ်နေရာချထားရှိပြီး ယာယီခိုလှုံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ခိုလှုံကြသည့် ပြည်သူများအား ရွှေ့ပြောင်းရေး၊ နေထိုင်စားသောက်ရေးအဆင်ပြေစေရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

သံတွဲမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက်မှုများရရှိနိုင်သည့် ကျေးရွာအုပ်စု(၃)စု၊ အိမ်ထောင်စု(၇၇၂)စု၊ ပြောင်းရွေ့လူဦးရေ(၂၄၅၂)ဦးနှင့် လင်းသာရပ်ကွက်မှ  အိမ်ထောင်စု(၅၁)စု၊ ပြောင်းရွှေ့လူဦးရေ(၁၄၁)ဦးအား ဘေးလွှတ်သည့် ခိုလှုံပြောင်းရွှေ့ရာနေရာများသို့ စုစုပေါင်း ရွှေ့ပြောင်းလူဦးရေ(၂၅၉၃)အား မော်တော်ယာဉ်များဖြင့်  ပြောင်းရွှေ့လျက်ရှိကြောင်းနှင့် စားနပ်ရိက္ခာ၊ ရေနှင့်ဆေးဝါးများ စုဆောင်းထားရှိခြင်း၊ အရေးပေါ်ဆေးကုသရေး နေရာများ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

နေမျိုးအောင်(ပြန်/ဆက်)