ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

သံတွဲ မေ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် မေ ၁၁ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်အတူ တိုင်းဒေသကြီးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ စက်ရုံမှူးနှင့်ဝန်ထမ်းများ၊ တိုင်းရင်းသားသတင်းဌာနခွဲမှ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။

ထို့နောက် ဂွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ကျိန္တလီမြို့ရုံးများသို့ ရောက် ရှိပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။ မေ ၁၂ ရက်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး သည် သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် စာအုပ်စာစောင်များနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများအား ကြည့်ရှု့စစ်ဆေးပြီး ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့်အတူ ခရိုင်ရုံးဝန်ထမ်းများ၊ ငပလီမြို့ရုံးဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် သံတွဲမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံအား ဝင်ရောက်ကြည့်ရှု့စစ်ဆေးပြီး မုန်တိုင်းကာလတွင် ထုတ်လွှင့်မှုမပြတ်တောက်စေရေး သတိပြုဆောင် ရွက်ရန် ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် မုန်တိုင်းကာလအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စများ၊ အသိပညာပေးလုပ်ငန်းများနှင့် သတင်းထုတ်ပြန်ရေးကိစ္စများ၊ လူငယ်များ အသိပညာပေး လုပ်ငန်းများနှင့် ကျောင်းအပ်နှံရေးကာလတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး တိုက်တွန်းနှိုးဆော်ရေးနှင့် ဝန်ထမ်းကောင်းပီသစွာ နိုင်ငံနှင့်ပြည်သူကို သစွာစောင့်သိပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေးတို့ကို မှာကြားခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သံတွဲခရိုင်အတွင်း ကုန်းမြင့်ဒေသများတွင် ဖွင့်လှစ်ထားသော မုန်တိုင်းအန္တရာယ်ခိုလှုံရာစခန်းများဖြစ်သည့် ဝါးတောင်ကွင်း ဘုန်းတော် ကြီးကျောင်း၊ အောင်ဓမ္မရိပ်သာကျောင်းနှင့် မင်္ဂလသုခဘုန်းတော်ကြီး ကျောင်းများသို့ လာရောက် ခိုလှုံနေကြသည့် ပင်လယ်ကမ်းခြေနှင့်နီးသော ကျေးရွာများမှ ပြည်သူများ၊ ကမ်းခြေတွင်နေထိုင်ကြသော ရေလုပ်သားများအား သွားရောက်တွေဆုံ အားပေးစကားပြောကြားသည်။ ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုးရွားစွာ မခံစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ နှင့် ပြည်နယ်အစိုးရတို့မှ ကြိုတင်စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး မုန်တိုင်းကာလ အတွင်း အခက်အခဲများရှိပါက တာဝန်ရှိသူများထံ အသိပေးဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် မုန်တိုင်းဒဏ်မခံရရေး ကြိုတင်ခိုလှုံရောက်ရှိနေသော မုန်တိုင်းရှောင်ပြည်သူများ အတွက် ပြည်နယ်အစိုးရမှ ထောက်ပံ့ကူညီသော ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများကပေးအပ်ပြီး ဒုတိယဝန်ကြီးက သံတွဲခရိုင်၊ မုန်တိုင်းရှောင်ပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းထောက်ပံ့ငွေ(၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)