စစ်တွေ မေ ၁၃
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)အဖြစ်ရောက်ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် စစ်တွေ မြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သောနေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ရွှေ့ပြောင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။
ဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကာ စစ်တွေမြို့၊ ဂစ္ဆပရပ်ကွက်ကမ်းနား၌ အရှင် ဥပဂုတ္တအရှင် တော်မြတ်အား ပင်လယ်ပြင်အတွင်းသို့ ဖောင်တော်ဖြင့်ပင်ဆောင်ပူဇော်ပွဲအား ပြုလုပ် ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်ကမ်းခြေ တို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေနှင့် ကမ်းခြေတွင်နေထိုင်ကြသည့် ပြည်သူများ ရွှေ့ပြောင်းနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး( ၂/၂၀၂၃) ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအဖွဲ့ကို ကော်မတီ ၁၂ ရပ်ဖြင့်ဖွဲ့စည်းထားပါကြောင်း၊ ယခုအစည်းအဝေးတွင် အချိန်တိုအတွင်းလက်တွေ့ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးပေးကြစေလိုကြောင်း၊ လက်ရှိအချိန်တွင် မုန်တိုင်း၏အခြေအနေသည် မုန်တိုင်းအပြင် ထူးကဲဒီရေပါ တက်ရောက်လာနိုင်သည့်အတွက် လေအပြင် ရေကိုပါသတိထား ဆောင်ရွက်ရမည့် အခြေအနေဖြစ်နေကြောင်း၊ ထို့ကြောင့် ကမ်းခြေဒေသတွင် နေထိုင်ကြသည့် မြို့ရွာများသည် အန္တရာယ်ကျရောက်နိုင်သည့်အတွက် သတိထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းမှုများ လည်းလုပ်နေကြပါကြောင်း၊ ယခုအချိန်တွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၇) မြို့နယ်ဖြစ်သည့် စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ မာန်အောင်၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင် မြို့နယ်များကို အနီရောင်အဆင့် သတ်မှတ်ထားကာ ထိုမြို့နယ်များသည် အရေးအကြီးဆုံးနှင့် အန္တရာယ်အရှိဆုံး မြို့နယ်များဖြစ်သည့်အတွက် အနီရောင်အဆင့်နှင့်အညီ ဒီရေလှိုင်းတက်ရောက် လာနိုင်သည့် ရပ်ကွက်၊ ကျေးရွာများကို အမြန်ဆုံးရွှေ့ပြောင်းသွားရမည်ဖြစ်ကြောင်း၊ မြို့နယ်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာတပ်မတော်မှတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ရွှေ့ပြောင်း ရမည့်ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား ရွှေ့ပြောင်းကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ခြင်းဖြစ်သည့်အတွက် အခက်အခဲများကို ကျော်ဖြတ်ကာ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် အနေဖြင့် ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမြန်ဆုံး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးက သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက် နိုင်မည့် လုပ်ငန်း၊ လက်ရှိတွင် တပ်မတော်သားများနှင့် သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် Video conference စနစ်ဖြင့် တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်နှင့်မြို့နယ်အလိုက် မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား ရွှေ့ပြောင်းထားရှိမှု၊ ရွှေ့ပြောင်းနေမှု၊ စားရေရိက္ခာများ စုဆောင်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ဖြည့်စွက်ဆွေးနွေးပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေး ခဲ့သည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အာကျိတ်တော်ကုန်းပေါ်ရှိ အဓိဋ္ဌာန်ဘုန်းတော်ကြီး ကျောင်းတိုက်၌ စစ်တွေမြို့ပေါ်ရပ်ကွက်များဖြစ်သော ဆင်ကူးလမ်း၊ အုန်းတစ်ပင်ရပ်ကွက်နှင့် ဗျိုင်းဖြူရွာ၊ ကျေးတောကျေးရွာတို့မှ မုန်တိုင်းအန္တရာယ်ကြောင့် တိမ်းရှောင် လာကြသော ပြည်သူများအား သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးကြ သည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံ ကျေးရွာ မုန်တိုင်းဒဏ်ခံအဆောက်အဦ၌ ချောင်းနွယ်မင်းဂံကျေးရွာနှင့် ဇော်မတက်ကျေးရွာတို့မှ ပြောင်းရွှေ့ရောက်ရှိလာကြသော ပြည်သူများအား သွားရောက်တွေ့ဆုံကြကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကြပြီး သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအား စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် သဲချောင်း၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောချေ IDP စခန်းများသို့ သွားရောက်ပြီး မုန်တိုင်းဖြစ်ပေါ်နေသည့်အခြေအနေ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ရွှေ့ပြောင်းရမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့နယ် ပလ္လင်ပြင်ကမ်းခြေ၌ ပင်လယ်ပြင်ကို အမှီပြုလုပ်ကိုင်စားသောက်နေကြသည့် ရေလုပ်သားများ၊ ငါးဖမ်းလှေများ၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလှေများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့အပြင် စစ်တွေမြို့နယ်၊ ဘောဒူဖစခန်း၊ အုန်းတောကြီး၊ အုန်းတောချေ (IDP) စခန်းများတွင် နေထိုင်ကြသူများအား မုန်တိုင်းဒဏ်ခံအဆောက်အဦများသို့ ပြောင်းရွှေ့နေရာချထားပေးကာ လိုအပ်သော ထောက်ပံ့ကူညီမှုများပေးလျက်ရှိကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)