မြေပုံ မေ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သောနေရာများမှ ပြည်သူများနှင့်ပစ္စည်းများအား ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မုန်တိုင်းကျရောက်နိုင်သောနေရာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ကွင်းဆင်းရာသို့ နယ်မြေခံတပ်နယ်မှဗျူဟာမှူး၊ ဦးဆောင်၍ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ဆောင်ရွက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်လာပါကထိခိုက်မှုများရှိနိုင်သည့် မြစ်ကမ်းဘေးနေ ကျေးရွာ(၂၅) ရွာ၊ အိမ်ထောင်စု (၅၇၂၅) စု၊ လူဦးရေ (၂၀၆၆၀) ဦးအားဘေး လွတ်သည့်ခိုလှုံ ရွှေ့ပြောင်းရာနေရာများသို့ ယနေ့နံနက်ပိုင်းအချိန်က ပြောင်းရွှေ့ပေးလျက်ရှိ ကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ကြသောပြည်သူများ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ဆား၊ ငပိ စုဆောင်းထားရှိပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲရေးဦးစီးဌာနမှလည်းအိမ်ထောင်စု (၅၇၂၅) စုအတွက် ပစ္စည်း(၁၆) မျိုးအသင့် စုဆောင်းထားရှိပြီး မြို့နယ်လူမှုရေးအသင်းအဖွဲ့များလည်း ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
မြင့်စိုး(ပြန်/ဆက်)