မောင်တော မေ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်ပြီး နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချူပ်သူရိန်ထွန်းမှ လာရောက်ပူးပေါင်းကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မောင်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက်မှုများရှိနိုင်သည့် ကျေးရွာအုပ်စုများဖြစ်သော ကျောက်ပန္ဒူကျေးရွာ၊ အင်းဒင်ကျေးရွာ ၊ အလယ်သံကျော်ကျေးရွာ ၊ ဒုညောင်ပင်ကြီး ကျေးရွာ ၊ ပဒင်းကျေးရွာ ၊ ပန်းတောပြင် ကျေးရွာများရှိ ပြည်သူများအား တွေ့ဆုံ၍ ယခုအခါ မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သဖြင့် ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့နိုင်ရေး ၊ ရွှေ့ပြောင်းဆောင်ရွက်မည့် အစီအစဉ်များ နှင့် မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အသိပညာ ဗဟုသုတများအား ရှင်းလင်းပြောကြားပြီး ထောက်ပံ့ပစ္စည်းများနှင့် စားနပ်ရိက္ခာများအား လတ်တလော ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)