ဂွ မေ ၁၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင် ကြွေချိုင်ကျေးရွာရှိ ဒေသခံပြည်သူများက ဓမ္မဒက္ခိဏ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိသည်။
ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက်မှုများ ရှိနိုင်သည့် ကြွေချိုင်ကျေးရွာအုပ်စု၊ ကြွေချိုင်ကျေးရွာရှိ အိမ်ထောင်စု (၂၀)၊ လူဦးရေ (၃၀)ဦးတို့ အား ဘေးလွတ်သည့် ဓမ္မဒက္ခိဏဘုန်းတော်ကြီးကျောင်းသို့ ခိုလှုံရွှေ့ပြောင်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာလူမှုရေးအသင်းအဖွဲ့က ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန် အိတ်(၅၀၀)၊ ဆီပိသာ(၁၅၀၀)၊ ဆား(၅၀၀)၊ ငပိ(၅၀)ပိသာ စုဆောင်းထားရှိပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စု (၁၈၁၁၇)စုအတွက် ပစ္စည်း(၁၆)မျိုး အသင့်စုဆောင်းထားရှိပြီး မြို့နယ်လူမှုရေးအသင်းအဖွဲ့များလည်း ကူညီထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်