သံတွဲ မေ ၁၁
သံတွဲမြို့နယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့နေထိုင်ရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စုသို့ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ယာယီခိုလှုံရာစခန်းများတွင် ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ရေး၊ သောက်သုံးရေ သိုလှောင်ထားရှိမှု၊ ထင်းများ သိုလှောင်ထားရှိမှု၊ ထမင်း၊ ဟင်းချက်ပြုတ်မည့် စားဖိုချောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများအားတွေ့ဆုံ၍ ပင်လယ်ကမ်းခြေတွင် နေထိုင်ကြသော ရေလုပ်သားပိုက်တဲများတည်ရှိရာ ကမ်းခြေများသို့သွားရောက်၍ ပြည်သူများအား ယနေ့ည ၇ နာရီ အပြီး သတ်မှတ်ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ကြရန် သတိပေးမှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါဆင်ခေါင်းကျေးရွာအုပ်စုရှိ ဆင်ခေါင်းကျေးရွာ၊ အင်ဒိုင်းကြီးကျေးရွာ၊ ကျောက်ဖြူမော်ကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာ တို့တွင် အိမ်ထောင်စု(၂၀၉၅)စု၊ အိမ်ခြေ(၂၀၃၃)အိမ်၊ လူဦးရေ (၈၈၇၀)ဦးရှိသည့်အနက် ပင်လယ်ကမ်းခြေအနီးနှင့် အနိမ့်ပိုင်းဒေသရှိ စုစုပေါင်းအိမ်ထောင်စု (၃၀၀)စု၊ လူဦးရေ (၁၃၀၀)တို့အား သတ်မှတ်ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ကြရန် တွေ့ဆုံသတိပေးမှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်