မောင်တော မေ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်း ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် လိုက်လံအသိပေးဆောင် ရွက်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့မှုအဖွဲ့ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများ ပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေငြာသော မုန်တိုင်းဘေးအန္တရာယ်သတင်းများကို အစဉ်မပြတ် နားထောင်ကြရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်