အမ်း မေ ၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူး ကြီးမောင်မောင်ခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး စသည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်စေနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း ပညာသင် တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စိုးစိုးက သင်တန်းတွင် သင်ကြားပြသပေးမည့် ဘာသာရပ်များနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးမှုနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် နမူနာ လက်ရာများနှင့် သင်ထောက်ကူ ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူများမှာ ကျေးလက်နေဒေသခံ တိုင်းရင်းသူများဖြစ်ပြီး စုစုပေါင်း အဆင့်မြင့် သင်တန်းသူ(၃၀)ဦး တက်ရောက် သင်ယူမည်ဖြစ်ရာ သင်တန်းကာလမှာ ၂၀၂၃ ခုနှစ်၊မေ ၈ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့ထိ ၁၈ ပတ်ကြာမြင့်မည်ဖြစ်ကြာင်းသိရသည်။ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူး ကြီးမောင်မောင်ခိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိမ်တွင်းမှုပညာသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများ၊မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း