မအီမြို့၌ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မအီ    မေ    ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ကူညီမှုများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက မအီမြို့သည် ကုန်းတွင်းပိုင်းဒေသတွင် တည်ရှိသော်လည်း မိုးလေဝါသနှင် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လေဖိအားနည်းရပ်ဝန်းအခြေအနေ သတိပေးထုတ်ပြန်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ထုတ်ပြန်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း (Low Pressure Area) ကြောင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန်၊ သဘာဝဘေး အန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ဘေးအန္တရာယ်လျော့ပါး စေရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိလိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အနေဖြင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများသို့ မုန်တိုင်းဘေး ကြိုတင် အသိပေးထားရှိရန်နှင့် ရေလွတ်ရာနေရာများကို သတ်မှတ်ရှာဖွေထားရန်၊ အရေးပေါ်ကူညီ ကယ်ဆယ်ရေးယာဉ်များ၊  စားနပ်ရိက္ခာ၊ ရေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို အဆင်အသင့်ထားရှိရန်အတွက် မိမိတို့ ရပ်ကွက်/ကျေးရွာများရှိ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြစေရေး၊ သဘာဝဘေးကော်မတီများနှင့် ချိတ်ဆက်၍ သဘာဝဘေး ဖြစ်ပွားမှုအခြေအနေများကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များက မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက  မိမိတို့ရပ်ကွက်များတွင် ဆောင်ရွက်ထားရှိမှုအခြေအနေအား တင်ပြဆွေး နွေးကြပြီး မြို့အုပ်ချုပ်ရေးမှူးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)