မာန်အောင် မေ ၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သိမ္ဘလကျေးရွာအုပ်စု၊သိမ္ဘလကျေးရွာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ညနေ၄နာရီတွင် သိမ္ဘလကျေးရွာအုပ်စု၊ သိမ္ဘလကျေးရွာ ဆိုင်ကလုန်းချာတာ၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကိုဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်သန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သန်း တို့က ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ရန်အချက်များ၊မုန်တိုင်း သတိပေးချက်ရလျင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ်ရှောင်ရန်၊ ဆောင်ရန်အချက်များ၊မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည် အချက်များစသည်တို့ကို အသိပညာ ပေးပြောကြားခဲ့သည်။
ယင်းနောက် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ကြရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ဗိုလ်မှူးသူရိန်စိုးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)