မောင်တော မေ ၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ညနေပိုင်းက ကျေးရွာအုပ်စုများတွင် အသိပညာပေးဟောပြောခြင်းနှင့် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ အသိပညာပေးနိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန ၊မီးသတ်ဦးစီးဌာန ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဘင်္ဂလားပင်လယ် အော် ကမ်းရိုးတန်းတွင်ရှိသော ကျောက်ပန္ဒူကျေးရွာ၊ အင်းဒင်း ကျေးရွာ၊ ဒု ညောင်ပင်ကြီး ကျေးရွာ၊ ပဒင်းကျေးရွာအုပ်စု၊ ပန်းတော ပြင်ကျေးရွာအုပ်စုများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ဂရုပြုနေထိုင်ကြပါရန်၊ မုန်တိုင်းကြောင့် ပင်လယ်ကမ်းစပ်အနီးရှိ ကျေးရွာအုပ်စု အိမ်ထောင်စုများ အလိုက် အသုံးအဆောင်ပစ္စည်းများ ကြိုတင်ပြင်ဆင် ထုပ်ပိုးနိုင်ရေး၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးစုဆောင်းထားရှိ မည့် အခြေအနေများ၊ ကျွဲနွားများအား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရမည့် အစီအစဉ်များ၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလှေများ မြစ်ချောင်း ပင်လယ်အတွင်းသို့ ထွက်ခွာခြင်း မပြုစေရေး စသည့်တို့ကို အသိပေးဟောပြောခြင်းနှင့် လိုက်လံနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)