ပေါက်တော မေ ၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် မေ ၇ ရက် ညနေပိုင်းက ကယ်ဆယ်ရေးစခန်းနေ အီလီယာ(၂၇)နှစ်နှင့် ဇနီးဖြစ်သူ မအာရှု(၂၄)နှစ် တို့ ထမင်းချက်နေစဉ် စကားများရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူ အီလီယာမှ အနီးရှိ သစ်သားထုတ်ဖြင့် ပစ်ပေါက်ရာ နေအိမ်နောက်ဖေးမီးဖိုတွင် ထိမှန်၍ မီးစများ လွင့်စင်ပြီး အနီးရှိ ဝါးထရံနှင့် ဟွန်ဒါစက်လှေတွင် အသုံးပြုရန်ထားရှိသော ဓာတ်ဆီးဗူးအား မီးကူးစက်ပြီး မီးလောင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ယနေ့နံနက်ပိုင်းက မီးဘေးသင့် အိမ်ထောင်စု ၅၃၀ အတွက် ဆန် ၂၆၅ အိတ်၊ ဆီ ၂၆၅ ပိသာ၊ဆား ၂၆၅ ပိသာ၊ပဲ၂၆၅ ပိသာ၊ရေသန့်ဘူး ၃၇၁၀ ဘူးနှင့် ရွက်ဖျင်တဲ ၁၀ လုံး တို့ကို ကူညီထောက်ပံ့ပေးသည်။ ထို့ပြင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့် အိမ်ထောင်စု ၅၃၀ အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်းအေးနှင့် တာဝန်ရှိသူများက ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းရှိ စခန်းတာဝန်ရှိသူများထံ ပေးအပ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၅၃၀)၊ ကျား(၁၆၂၈)ဦး၊ မ (၂၀၈၂) ဦး စုစုပေါင်း(၃၇၁၀)ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ဆုံးရှုံးမှုမရှိကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် မြို့နယ်ပြန်လည်ထူထောင်ရေး ကော်မတီမှ မီးဘေးဒုက္ခသည်များအား နီးစပ်ရာဆွေမျိုးများနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းတို့တွင် ယာယီနေရာချထားပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)