သံတွဲ မေ ၉
သံတွဲခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့အရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ည ၆ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေး မဖြစ်မီကြိုတင်ပြင်ဆင်မှုအားကောင်းခြင်းသည် ဖြစ်ပေါ်နေချိန် ပျက်စီးဆုံးရှုံးမှုနည်းပါးစေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ အဆင်ပြေနိုင်ကြောင်း၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီများကို ဖွဲ့စည်း ထားရှိပြီးဖြစ်သဖြင့် ကော်မတီဝင်များ အနေဖြင့်လုပ်ငန်းကော်မတီအလိုက် စီမံချက်များရေးဆွဲပြီး မိမိတို့တာဝန်များကို ကျေပွန်စွာဆောင်ရွက်ပေးစေလိုကြောင်း၊ လက်ရှိကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
၎င်းနောက်သံတွဲခရိုင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်ချက်များနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး လုပ်ငန်းကော်မတီဝင်များက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကော်မတီအလိုက် ကြိုတင်စီစဥ်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာဥက္ကဋ္ဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ခရိုင်(ပြန်/ဆက်)