မောင်တော မေ ၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များက စစ်ကြောင်းပုံစံဖြင့် ချီတက်ကာ နိုင်ငံတော်အလံအား အလေးပြုပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ် အမျိုးမျိုးကနေ ကာကွယ်စောင့်ရှောက်မှုများပေးခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များသည် ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မီးသတ်သမားကောင်းတစ်ယောက် ရှိရမည့် ခိုင်မာတည်ကြည် ရဲဝံ့စွန့်စားတဲ့ စိတ်ဓာတ်၊ အတွေ့အကြုံ ရင့်ကျက်ပြီး နည်းပညာ ပြည့်ဝမှုရှိစေဖို့ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ဆုရရှိသော မီးသတ်တပ်ဖွဲ့ဝင်များအား မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဇော်ဦးလှိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးလောင်ကျွမ်းမှု အမျိုးမျိုးအား မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်နိုင်ရေး လက်တွေ့ လေကျင့် စေခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)