ပုဏ္ဏားကျွန်း မေ ၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပညာဆည်းဖူး သင်ယူခဲ့ကြသော(၁၉၅၂ ခုနှစ်မှ ၂၀၂၂)ခုနှစ် ကျောင်းသား/သူဟောင်းများ၏(၂၅)ကြိမ်မြောက် ငွေရတုအာစရိယ ပူဇော်ပွဲနှင့်မိတ်ဆုံစားပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်(၈)နာရီက အဆိုပါ အထက်တန်းကျောင်းရှိ တန်းခိုးဆရာထွန်းခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည့် ဆရာ/မများနှင့်ကျောင်းသား/သူဟောင်းများအတွက် အာရုံပြု၍ အမျှမေတ္တာများပို့သပေးပြီး၊ ပင့်ဖိတ်သံဃာ တော်အရှင်သူမြတ်တို့အား အာရုံဆွမ်းနှင့်နဝကမ္မဝတ္ထုပစ္စည်းများ ဆက် ကပ် လှူဒါန်းပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်များတီးခတ်ပြီး အာစရိယပူဇော်ရတုဖြင့် သီဆို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ ဥက္က ဦးတင်မောင်ဝင်းက ပဉ္စဂုဏံအဟံဝန္တာမိ ဂုဏ်ပုဒ်နှင့်အညီ (၂၅)ကြိမ်မြောက် ငွေရတုအာစရိယပူဇော်ပွဲနှင့်မိတ်ဆုံစားပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးတို့အား တပည့်ဟောင်းများက ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ကာ ကော်မတီမှစီစဉ်ထားရှိသော အလှူငွေများအား ပေးအပ် လှူဒါန်းခဲ့ကြရာ အပူဇော်ခံ ဆရာ၊ ဆရာမကိုယ်စား အသက်(၇၀)ကျော် ဆရာကြီးတစ်ဦးနှင့်ဆရာမကြီးတစ်ဦးက ဝမ်းမြောက် ပိတိစကားများ ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအာစရိယပူဇော်ပွဲ၌ အငြိမ်းစားဆရာကြီး၊ဆရာမကြီး(၁၁၄)ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြပြီး၊ ကျောင်းသား/သူဟောင်းများ၏ ကိုယ်စား အဝေးရောက်ကျောင်းသား ဟောင်းတစ်ဦးက အပြုသဘောဖြင့် အကြံပြုဆွေးနွေးတင်ပြကာ နံနက်စာထမင်းကို အတူတကွ ပျော်ပျော်ပါးပါး သုံးဆောင်ခဲ့ကြကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)