အမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

အမ်း မေ ၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်က အမ်းမြို့နယ်အနေဖြင့် မုန်တိုင်းဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်မှုများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့် သဘာဝဘေးကာကွယ်ရေးအတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားရှိမှုများ၊ သဘာ၀ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစွာနှင့် အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် စနစ်တကျစီမံခန့်ခွဲနိုင်ရန် လုပ်ငန်းကော်မတီများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ရပ်ကွက် /ကျေးရွာများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပြန်လည်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားရှိရေး၊ သဘာဝဘေးကာကွယ်နိုင်ရေးအတွက် အသိပညာပေးရေးနှင့် ကြိုတင်ဇာတ်တိုက် ပြုလုပ်ဆောင်ရွက်ထားရှိရေး၊ ပြည်သူများမုန်တိုင်းဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရေးအတွက် လုံခြုံစိတ်ချစွာ ခိုလှုံနိုင်သည့်နေရာများအား ရွေးချယ်ထားရှိပြီး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထား ရှိရေးစသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အမ်းမြို့နယ်အနေဖြင့် မုန်တိုငး်ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်မှုများအနေဖြင့် စာရေးရိက္ခာပြတ်လတ်မှုမရှိစေရေး၊ သောက်သုံးရေရရှိရေး၊ စက်သုံးဆီများ ဆောင်ရွက်ထားရှိမှု၊ သဘာ၀ဘေးအန္တရာယ်များကြောင့် ဆက်သွယ်ရေးများ ပြတ်တောက် သွားပါကဖြစ်နိုင်သည့် နည်းလမ်းများဖြင့် မြို့နယ်တွင်ဖွင့်လှစ်ထားသည့် command post အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက်သဘာဝဘေး အန္တရာယ်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့များက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု ဆောင်ရွက်ရန်လိုအပ်ချက်များအားတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)