စစ်တွေ မေ ၈
ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုယာယီခိုလှုံရာစခန်းတွင်ရောက်ရှိနေကြသည့် မိသားစုဝင်များသည် မိမိတို့၏မူလနေရပ်များကိုစွန့်ခွာပြီး မိမိတို့မိသားစုအတွက် ဘေးကင်းလုံခြုံသည့်နေရာများကို စုဝေးရောက်ရှိ လာကြခြင်းဖြစ်ကြောင်း၊ မိမိတို့မူလနေရပ်မဟုတ်သည့်အတွက် နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကြောင်းပြုရာတွင် အခက်အခဲအကြပ်အတည်းများ ကြုံတွေ့ကြရမည်ကို ကိုယ်ချင်းစာနာ လည်မိပါကြောင်း၊ တိုက်ပွဲရှောင်အဖြစ် ကြာရှည်ရပ်တည်ခြင်းထက် မိမိတို့မူလနေရာများကို အခြေအနေပေး ပါက ပြန်လည်အခြေချနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့၏နေရပ်ကို ပြန်လည်အခြေချ နေထိုင်ခြင်းမပြုမီကာလအတွင်းမှာ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ယာယီခိုလှုံရာ စခန်းများတွင် နေထိုင်သူများအတွက် လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနွေရာသီကာလဖြစ်သည့်အတွက် ပူပြင်းခြောက်သွေ့ပြီး သဘာဝဘေးအန္တရာယ်များကိုလည်း ကြုံတွေ့နိုင်ခြေရှိခြင်းကြောင့် ကျန်းမာရေးကို အထူးဂရုပြုကြရန်လိုကြောင်း၊ မကြာမီ အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်သည့်အတွက် မိမိတို့၏ ရင်သွေးငယ်များကို နီးစပ်ရာ ကျောင်းများတွင် ပညာသင်ကြားကြရန် ပြောကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း KG+9 မသင်မနေရ အခမဲ့ပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်အတွက် မိမိတို့၏ ရင်သွေးများကို ကျောင်းအပ်ကြရန် ထပ်မံတိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းနှင့် ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်း ယာယီခိုလှုံရာစခန်းများမှ နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ကျောင်းစိမ်းဝတ်စုံများ၊ ဗလာ စာအုပ်များနှင့် Family Kit များအား ထောက်ပံ့ပေးအပ်ပြီး နေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
နေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ထောက်ပံ့ပေးအပ်ခြင်းအခမ်း အနားတွင် အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ အိမ်ထောင်စု(၇၁) စု၊ လူဦးရေ (၂၅၀)ဦးနှင့် ဗုဒ္ဓေါမော်ကျောင်းတိုက်ရှိ အိမ်ထောင်စု(၅၉)စု၊ လူဦးရေ (၂၄၁) ဦး စုစုပေါင်း အိမ်ထောင်စု (၁၃၀)စု၊ လူဦးရေ (၄၉၁)ဦး အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီး ဌာနလက်အောက်ရှိ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က ဆန်(၁၅၄)အိတ်၊ ကျောင်းစိမ်းဝတ်စုံ(၁၀၀) စုံ၊ ဗလာစာအုပ်ဒါဇင် (၁၀၀)နှင့် ပစ္စည်း (၁၇)မျိုးပါ Family Kit များကို လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)