ရခိုင်ပြည်နယ် မောင်တောမြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သုံးမိုင်ဆရာတော်ဘုရားကြီးအား ဂုဏဝိသိဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

မောင်တော မေ  ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ  သုံးမိုင်ဆရာတော်ဘုရားကြီးအား ဂုဏဝိသိဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကိုပြုလုပ်ရာ ဂုဏ်ပြုအပူဇော်ခံ သုံးမိုင်ဆရာတော်ကြီးအား သီတင်းသုံးရာကျောင်းတော်မှ အခမ်းအနားဖြင့် သာသနာ့ဗိမာန်တော်ကြီးသို့ ကြိုဆိုပင့်ဆောင်ပြီး ဂုဏ်ပြုပွဲအား သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဂုဏ်ပြုအပူဇော်ခံ သုံးမိုင်ပရဟိတနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်၏ ဦးစီးပဓါနနာယက ဘဒ္ဒန္တစန္ဒာသီရိ (မဟာသဒ္ဓမ္မဇောတိကဓဇ) မထေရ်မြတ်အား အောင်ဗလ ကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ဝင် သာသနာ့ဓဇဓမ္မာစရိယ၊ မဟာပရဟိတဓရ၊ ဘဒ္ဒန္တသုစိတ္တမာလာ ဆရာတော်က ထေရနိမန္တနဂါထာတော်ဖြင့် အခမ်းအနားသို့ ကြိုဆိုပင့်ဆောင်ကာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဂုဏ်ပြုအပူဇော်ခံ သုံးမိုင်ပရဟိတ နှင့်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက်၏ ဦးစီးပဓါနနာယက ဘဒ္ဒန္တစန္ဒာသီရိ (မဟာသဒ္ဓမ္မဇောတိကဓဇ) မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး  မြို့ဦးကျောင်းတိုက်ဦးစီးပဓာနနာယက၊ မဟာဒွါရဂိုဏ်း၏ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တအာဒိစ္စဆရာတော်မှ ထေရထုတ်ဝေဒလ္လဂါထာဖြင့် ရွတ်ဖတ်ပူဇော်ကာ သန္တိသုခကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဉာဏသီရိဆရာတော်ကြီးက ဝမ်းမြောက်ဖွယ်ရာ ဩဝါဒဂါထာမိန့်ကြားခဲ့သည်။ ဆက်လက်၍ ဦးစံမောင်သိန်းက ဂုဏပူဇာမင်္ဂလာရတု ရွတ်ဖတ်ပူဇော်ကာ သာသနာ့တော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ကြည်ညိုနိုင်ရန်အတွက် ခရိုင်သာသာနာ့ရေးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ဇင်ဦးမှ ဖတ်ကြားပူဇော်ခဲ့သည်။ ယင်းနောက် ဂုဏ်ပြုအပူဇော်ခံ သုံးမိုင်ပရဟိတနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတိုက်ဆရာတော်ကြီးအားနယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးနေဦးတို့က ဂုဏ်ပြုအပူဇော်ခံဆရာတော်ထံ ဘွဲ့တံဆိပ်အဆောင်အယောင်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပင့်သံဃာတော် အရှင် သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အောင်ဗလကျောင်းတိုက် ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍  ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဠတု (၃)ကြိမ် ရွက်ဆိုဆုတောင်း၍ အခမ်းအနားအားရုတ်သိမ်းပြီး ဂုဏ်ပြုပူဇော်ခံ ဆရာတော်ကြီးအား တပည့်ရဟန်းသံဃာ၊ ဒါယကာ၊ဒါယိကာမ အပေါင်းတို့ကဂုဏ်ပြုကြိုဆို ပင့်ဆောင်ပြီး ကြိုဆိုရေး မင်္ဂလာယာဉ်တန်းဖြင့် မြို့တစ်ပတ် လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)