အမ်း မေ ၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက အမ်းမြို့၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွပ်ရှိ ဈေးဆိုင်များ၊ လူနေအိမ်များတွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ဌာနဆိုင်ရာ ပူးပေါင်းဝန်ထမ်းများသည် မြို့မဈေးသို့လာရောက် ဈေးရောင်း၊ ဈေးဝယ်ကြသည့် ပြည်သူများ၊ ခရီးသွားပြည်သူများအား မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မုန်းတိုင်းအန္တရာယ်အကြောင်း သိကောင်းစရာများ ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေထားဇော်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းတို့က မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာန (နေပြည်တော်)မှ ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အကြောင်း၊ လေဖိအားနည်းရပ်ဝန်း (Low Pressure rea) သည် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားမှုတို့ကိုလည်း အသိပညာပေးဟောပြောကြပြီး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိသည့် သတင်းများအား ကြည့်ရှုနားဆင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့်မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ စသည့်အချက်များပါဝင်သည့် လက်ကမ်းစာစောင်(၃၀၀)ကျော်ကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပင်လယ်နားနီး ကျေးရွာများသို့ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)