ဂွမြို့နယ်တွင် မုန်တိုင်းဘေး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ၊ အသိပညာပေးခြင်းများဆောင်ရွက်

ဂွ မေ ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့်  သဘာဝဘေးကာကွယ်တားဆီးရေးစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဝင်များ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းက လူစည်ကားရာမီးပွိုင့်လမ်းဆုံနှင့် ကမ်းခြေဦးတွင်နေထိုင်သည့် ပြည်သူများအား မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးလက်ကမ်းစာစောင်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ စသည့်အချက်များပါဝင်သည့်  လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီး ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန (နေပြည်တော်)မှ ထုတ်ပြန်ထားသည့်အချက်အလက်များအား သိရှိနိုင်ရန်သတင်းများ၊ ရေဒီယိုများ၊ TV များကြည့်ရှုနားဆင်ကြရန်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ထားကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်