သံတွဲ မေ ၈
သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သံတွဲမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ကြီးမှူးကျင်းပသည့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်မှုကို ယမန်နေ့နံနက် ၉ နာရီက သံတွဲမြို့နယ်၊ ခမောင်းတုန်း ကျေးရွာအုပ်စု၊ ခမောင်းတုန်းကျေးရွာတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်က ပြည်သူလူထုများအား မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိရေးဆိုင်ရာများကို အသိပညာပေးရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကီးထန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်တို့က မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိသည့် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်းတိုင်းအဖြစ် ရောက်ရှိနိုင်သည့် အခြေအနေများနှင့် ကြိုတင်ပြင်ဆင်စုဆောင်းထားရှိရမည့်အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
သံတွဲခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့်က ပြည်သူလူထုများအား မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်မှုဆောင်ရွက်မည့်အစီအမံများ၊ မုန်တိုင်းဘေးအန္တရာယ် အရောင်အဆင့်ဆင့် သတ်မှတ်ထားရှိမှုနှင့် မုန်တိုင်းဘေးအန္တရာယ်အတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေး ရှင်းလင်း ပြောကြားသည်။ ထို့နောက် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ် အရောင်အဆင့်ဆင့် ပြောင်းလဲမှုအား သံချဲ့စက်များဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ ပြည်သူများအားအသိပေးနှိုးဆော်မှုများပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်စေကာ အနီရောင်အဆင့် ပြောင်းလဲရောက်ရှိလာပြီဖြစ်သဖြင့် ဘေးလွတ်ရာကယ်ဆယ်ရေးစခန်း စုရပ်များသို့ ပြောင်းရွေ့ပေးနေမှုတို့ကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ခရိုင်နှင့်သံတွဲမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သံတွဲမြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ မုန်တိုင်းမကျရောက်မီ စာနပ်ရိက္ခာများ၊ အရေးကြီးစာရွက်စာတမ်းများ၊ အိုးအိမ်နှင့် ငါးဖမ်း ပိုက်လှေများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ထိန်းသိမ်းဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မုန်တိုင်းအပြီး မြေပြင်၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)