တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တောင်ကုတ် မေ ၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်း၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဌာနဆိုင်ရာများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ပု၊ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်ဌာနဆိုင်ရာများက ပန်းတင်ကျွန်းရှိ အရှေ့ဘက်ကျေးရွာ ကျေးရွာအုပ်စုနှင့် ငမောက်ချောင်းကျေးရွာများရှိ ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ဘင်္ဂလားပင်လယ်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေများနှင့် မုန်တိုင်းမကျရောက်မီကြို တင်ပြင်ဆင်ထားရမည့် အနေအထားများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လိုအပ်သောဆေးဝါး၊ စားနပ်ရိက္ခာများ၊ အရေးကြီးစာရွက် စာတမ်းများ‌လုံခြုံစွာ သိမ်းဆည်းထားရှိရန်နှင့် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ခိုလုံမည့် အဆောက်အဦသို့တစ်ပါတည်းယူဆောင်ကြရန် အသိပညာပေးဆွေးနွေးပြီးနောက် ကျေးလက်နေပြည်သူများနှင့် (Cyclone Shelter) များတွင် အရေးပေါ်ခိုလှုံမှု သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)