ရသေ့တောင်မြို့၌ သဘာဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရသေ့တောင် မေ ၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ Command Post အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

ဦးစွာမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကမ်းနီးကျေးရွာ များအား ကြိုတင်ပြောင်းရွေ့ဆောင်ရွက်မှုများပြုလုပ်ခြင်း ငါးဖမ်းဘုတ်၊ လှေများအား သတိပေးဆောင်ရွက်ခြင်းနှင့် မြို့နယ်ကော်မတီဝင်များအား ကူညီဆောင်ရွက်ပေးရမည့် လုပ်ငန်းကော်မတီ ၁၂ ခု ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ခွဲဝေချထားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ထုတ်ပြန်ထားသည့် မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်သတင်းများကို ၇၂ နာရီအတွင်း ကြိုတင်ရယူ၍ ဆောင်ရွက်ရမည့်အချက်(၁၈)ချက်၊ ပြည်သူများကြိုတင်သိရှိအောင် ဆောင်ရမည့်အချက်(၇)ချက်၊ မုန်တိုင်းဖြတ်သန်းချိန်တွင် ဆောင်ရွက်ရမည့်အချက်(၇)ချက်တို့အား တာဝန်အသီးသီး ခွဲဝေကာချပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရသေ့တောင်(ပြန်/ဆက်)