ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မောင်တော မေ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေးဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်ကာကွယ်မှုများ စီစဉ်ဆောင်ရွက်ရန်၊ သဘာဝဘေး ကာကွယ်နိုင်ရေး အသိပညာပေးရေး၊ သဘာဝဘေးကာကွယ်ရေးအတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားရှိမှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သဘာ၀ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစွာနှင့် အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ စနစ်တကျစီမံခန့်ခွဲနိုင်ရန် လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ ဘေးအန္တရာယ်များ စနစ်တကျလျင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များဖြစ်သည့် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ပြန်လည်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန် စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာ ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း စသည့်တို့ကို ဆွေးနွေးတင်ပြခဲ့ရာ လိုအပ်သည်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)