ပေါက်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ပေါက်တော မေ ၇

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ Command Post အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် (၈.၅.၂၀၂၃)ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်သဖြင့်  အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ (၉.၅.၂၀၂၃)ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး (၁၀.၅.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ အားကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) ထုတ်ပြန်ချက် များအရ မိမိတို့မြို့နယ်အတွင်းရှိ ဘေးလွှတ်ရာနေရာများ သတ်မှတ်ရှာဖွေထားရန်၊ ရေလုပ်ငန်း လုပ်ကိုင်နေသူများကို ကြိုတင်အသိပေးထားရှိရန်၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်များထားရှိရန်၊ ရေကြောင်းသတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေခြင်းများဆောင်ရွက်ရန်၊ အရေးပေါ်ဆေးကုခန်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရန်၊ Cyclone Shelter များတွင် ခိုလှုံနိုင်မည့်လူအင်အားများ ထားရှိမှုအခြေအနေနှင့် ပြင်ဆင်မှုများ၊ စားနပ်ရိက္ခာ၊ ရေနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို အဆင့်သင့်ထားရှိရန်အတွက် မြို့နယ်အဆင့်သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကြီးကြပ်မှုကော်မတီနှင့် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မိမိတို့ကော်မတီဝင်များအလိုက် စနစ်တကျ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ NGO/INGO အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းကာ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးနှင့် အချိန်နှင့်တစ်ပြေးညီ အထိရောက်ဆုံး ကာကွယ်တာဆီးနိုင်ရေး အစွမ်းကုန်အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း​ ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာလုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးကြရာ မြို့နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)