ကျောက်ဖြူ မေ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ ဒိန်းမတ်နိုင်ငံမှ ဆောက်လုပ်လှူဒါန်းထားသည့် အဆောက်အဦ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးချမ်းမြေ့ထွန်းက မိုးဦးကာလ မေလ(၇)ရက် နေ့တွင် လေဖိအားနည်းရပ်ဝန်း(Law Pressure Area)တစ်ခုဖြစ်ပေါ်နိုင်ပြီး မေ(၈)ရက်နေ့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ လူမှုကွန်ရက်များတွင်လည်း မေ ၁၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် နာဂစ်ကဲ့သို့မုန်တိုင်းကြီးများ ကျရောက်နိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသဖြင့် ပင်လယ်၊ ချောင်းကမ်းနားရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ်ကြောင့် ဆိုးကျိုးများဖြစ်သည့် သစ်ပင်၊ အဆောက်အဦများပြိုလဲခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် လေတွင်လွင့်ပါလာသော ပစ္စည်းများကြောင့် သေကြေပျက်စီး နိုင်ကြောင်း၊ ထူးကဲဒီရေ/ဒီလှိုင်းများတက်လာခြင်းကြောင့် ဆားငန်ရေဝင်၍ ရေတွင်း၊ ရေကန်များနှင့် စိုက်ပျိုးမြေများ ပျက်စီးပြီး မသန့်ရှင်းသောရေကြောင့် ရောဂါပိုးများပြန့်ပွားကာ ဝမ်းရောဂါဖြစ်ပွားနိုင်သဖြင့် မုန်တိုင်းမတိုက်မီ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသည့် မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ အခြားသူများကိုလည်း သိရှိစေရန်ဖြန့်ဝေပေးရမည်ဖြစ်ကြောင်းနှင့် မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေမည့် အရောင်ဖြင့်သတိပေးစနစ်များကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)