မြောက်ဦးမြို့၌ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မြောက်ဦး မေ 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီအချိန်က တောင်ရပ်ရပ်ကွက် မြို့မဈေး၌ လမ်းဘေးဝဲယာရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ ခရီးသွားပြည်သူများကို မုန်တိုင်းဘေး အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်း လာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားမှုတို့ကို အသိပညာပေးဟောပြောကြပြီး မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန် လျက်ရှိသည့် သတင်းများအား ကြည့်ရှုနားဆင်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းပြီးဆုံးချိန်တွင် ဆောင်ရွက်ရမည့်အချက်များ စသည့် အကြောင်းအရာများပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)