သံတွဲ မေ ၇
သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက သံတွဲမြို့၊ ဒွါရာဝတီမြို့မစျေးကြီးတွင် ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ဌာနဆိုင်ရာပူးပေါင်းဝန်ထမ်းများသည် မြို့မဈေးကြီးသို့ လာရောက်ဈေးရောင်း၊ ဈေးဝယ်ကြသည့် ပြည်သူများ၊ ဈေးကြီးအနီးတွင် ရောင်းချနေသောပြည်သူများ၊ ခရီးသွားပြည်သူများအားမုန်တိုင်း ဘေးအသိပညာပေး လက်ကမ်းဖြန့်ဝေခြင်းနှင့် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာန (နေပြည်တော်)မှ ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အကြောင်း၊ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားမှုတို့ကိုလည်း အသိပညာပေး ဟောပြောကြပြီး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာနမှအချိန်နှင့် တပြေးညီထုတ်ပြန်လျက်ရှိသည့် သတင်းများအား ကြည့်ရှု နားဆင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ စသည့်အချက်များပါဝင်သည့် လက်ကမ်းစာစောင် (၄၅၀)စောင်ကို ဖြန့်ဝေခဲ့ကြပြီး နေ့လယ်(၁)နာရီတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို အမှတ်(၇)ရပ်ကွက်တွင် ဆက်လက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နေမျိုးအောင်(ပြန်/ဆက်)