ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေ

ငဖဲ   မေ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးကော်မတီဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီအချိန်က ငဖဲမြို့ကျောင်းတွင်းရပ်ကွက် ဓာတ်တော်ဓမ္မာရုံရှေ့ မြို့လယ်လမ်းဆုံနေရာနှင့် လူစည်ကားရာ ငဖဲမြို့မဈေးတို့တွင် အများပြည်သူများအား နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်နိုင်စိုး၊ အဖွဲ့ဝင်(၂)ဦးတင်မောင်အေး၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်နှင့် ရုံးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာဒေသခံပြည်သူများ၊ မော်တော်ယာဉ်ပေါ်ပါ ခရီးသွားပြည်သူများ၊ ငဖဲမြို့မဈေးတွင်း ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များ ပြည်တွင်းကူးစက်မှုများရှိလာ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လူစုလူဝေးနေရာများသို့သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်သွားလာရန် အသိပညာပေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်း(mask)၁၀၀၀ ခုကို  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)