ကျောက်ဖြူ မေ ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်သို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၎င်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးချမ်းမြေ့ထွန်းနှင့် ဒုတိယဦးစီးမှူး ဦးကျော်ဝင်းစိုးတို့က မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဘေးမကျရောက်မီ ဆောင်ရွက်ထားရှိရမည့် အချက်များ၊ မုန်တိုင်းဘေးကျရောက်ပြီးပါက လုပ်ဆောင်ရမည့် အချက်အလက်များကို တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများအား အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)