စစ်တွေ မေ ၆
စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှဝန်ထမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြို့မဈေးကြီးနှင့် သင်္ဘောဆိပ်၊ စက်လှေဆိပ်များတွင် မုန်တိုင်းဘေးအန္တရာယ်အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြ သည်။
ထို့သို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ဌာနဆိုင်ရာ ပူးပေါင်းဝန်ထမ်းများသည် စစ်တွေမြို့၊ မြို့မဈေးကြီးသို့ လာရောက် ဈေးရောင်း၊ ဈေးဝယ်ကြသည့် ပြည်သူများ၊ ဈေးကြီးအနီးဆိပ်ကမ်းတွင် ဆိပ်ကပ်သွားလာနေကြသည့် ရေလုပ်သားများ၊ ခရီးသွားပြည်သူများ၊ ဂစ္ဆပရပ်ကွက်ကမ်းခြေအနီးတွင် ဈေးရောင်းချနေကြသည့် ဈေးသည်များနှင့် ခရီးသွားပြည်သူ၊ စက်လှေ၊ ကုတို့လှေနှင့် ငါးဖမ်းလှေများတွင် လုပ်ကိုင်နေကြသည့် ရေလုပ်သားများ၊ ခရီးသွားပြည်သူများအား မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မုန်းတိုင်းအန္တရာယ်အကြောင်း သိကောင်းစရာများ ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အလားတူး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာန(နေပြည်တော်)မှ ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အကြောင်း၊ လေဖိအားနည်းရပ်ဝန်း(Low Pressure rea)သည် ပိုမိုအားကောင်း လာနိုင်ကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားမှုတို့ကိုလည်း အသိပညာပေးဟောပြောကြပြီး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာနမှအချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိသည့် သတင်းများအား ကြည့်ရှုနားဆင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ စသည့်အချက် များပါဝင်သည့် လက်ကမ်းစာစောင် (၄၀၀) ကျော်ကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ ဆက်)