မာန်အောင် မေ ၆
ရခိုင်ပြည်နယ် မာန်အောင်မြို့ မေဃရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လအတွက် အသင်းသားတစ်ဦးချင်းစီသို့ စုဆောင်းငွေအပေါ် အတိုးငွေများထုတ်ပေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂နာရီမှ စတင်ထုတ်ပေးလျက်ရှိသည်။
အဆိုပါ မေဃရှေ့ဆောင် ငွေစုငွေချေးသမဝါယမအသင်း လီမီတက်တွင် ချေးငွေအမျိုးအစား(၂)မျိုးဖြင့် ထုတ်ချေးလျက်ရှိရာ သာမန်ချေးငွေနှင့်အရေးပေါ်ချေးငွေတို့ဖြစ်ကြောင်း၊ သာမန်ချေးငွေမှာ ပုံမှန်စီးပွားရေးလုပ်ငန်းအတွက် ထုတ်ချေးငွေဖြစ်ပြီး အရေးပေါ်ချေးငွေမှာ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းအတွက် ထုတ်ချေးငွေဖြစ်ကြောင်း၊သာမန်ချေးငွေမှာ အသင်းသား၏ စုဆောင်းငွေ အပေါ်မူတည်၍ အစုနှင့်စုဆောင်းငွေနှစ်ရပ်ပေါင်း၏ (၃)ဆထက်မပိုသော ချေးငွေကို(၁၀)လ အရစ်ကျပေးဆပ်ရသောချေးငွေဖြစ်ပြီး အရေးပေါ်ချေးငွေမှာ လချင်းပြန်လည်ပေးဆပ်ရသော ချေးငွေဖြစ်ကြောင်း၊ ချေးငွေများကို ချေးငွေအမျိုးအစားအလိုက် သတ်မှတ်ကာလ အတိုင်းပေးဆပ်ရမည်ဖြစ်ကြောင်း၊ မိမိ၏စုဆောင်းငွေများ ကိုပြန်လည်ထုတ်ယူလိုပါကအသင်းတွင် ငွေကျပ် ၈၀၀၀၀ ချန်ထား၍ ကျန်ငွေကို တစ်လကြိုတင်လျှောက်ထားထုတ်ယူနိုင်ကြောင်း၊ အသင်း၏ ဘဏ္ဍာနှစ် တစ်နှစ်လျှင်(၆)လတစ်ကြိမ်နှုန်းဖြင့် (၂)ကြိမ် စုဆောင်းငွေအပေါ်အတိုးငွေများကို အသင်းသားများအား ထုတ်ပေးလျက်ရှိကြောင်း ယခုထုတ်ပေးလျက်ရှိသော ဒုတိယ(၆)လအတွက် အတိုးငွေများကို မေလ ၅ရက်နေ့မှ ၈ရက်နေ့ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မေဃရှေ့ဆောင် ငွေစု ငွေချေးသမဝါမယအသင်း လီမီတက်ဥက္ကဋ္ဌ ဦးထွန်းစောထံမှ သိရသည်။
မာန်အောင်မြို့နယ်တွင် မေဃရှေ့ဆောင် ငွေစုငွေချေးသမဝါယမအသင်းလီမီတက်ကို (၅-၁-၂၀၁၀ )နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး ငွေစုငွေချေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အသင်းသားစုစုပေါင်း ( ၆၆၇)ဦးရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ ဆက်)