ရသေ့တောင် မေ ၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း၌ မေလ(၇)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း(Law Pressure Area) တစ်ခုဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း (Law Pressure Area) သည် ပိုမိုအားကောင်းလာနိုင်ကာ မေ(၈)ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်၍ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာနိုင်ဖွယ်ရှိသည့် အခြေအနေများကြောင့် မိမိတို့ရသေ့တောင်မြို့တွင်သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအလိုက် ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများ၊ လူမှုရေးအဖွဲ့များအနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သောက်သုံးရေများ ရေငံမဝင်စေရန်၊ ရိပ်က္ခာခြောက်များ သိမ်းဆေးထားရန်၊ သစ်ပင်များပြိုလဲလာပါက ချိန်စက်များ စုဆောင်းထားကြရန် စသော မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်သူသို့ အချိန်မီ အသိပေးပြန်ကြားနိုင်ရန် လိုအပ်ကြောင်းနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားရှိမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊စစ်ဘေးရှောင်စခန်းကော်မတီဝင်များ တက်ရောက်ခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်များကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပူးပေါင်းပြီး ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)